အိမ်မှာပဲ ဆံပင်ကို ပေါင်းတင်ကြည့်ရအောင်
27-Feb-2017ခေါင်းခဏခဏ လျှော်ခြင်း၊ ဓာတုပစ္စည်းများနှင့် အထိအတွေ့ များခြင်း ၊ နေရောင်ဒဏ် ခံရခြင်းနှင့် ထွက်ရှိသမျှ ဆံပင် အလှကုန် အမျိုးမျိုးကို အသုံးပြုခြင်းကြောင့် ဆံပင်ကြမ်းတာ၊ နှစ်ခွဖြစ်တာ၊ ပြတ်ထွက်တာတွေနဲ့ကြုံရ တတ်ပါတယ်။
အဲဒီဒဏ်တွေကိုကာကွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက်ဆံပင်ကိုမကြာခဏ ပေါင်းတင်ပေးဖို့ လိုပါတယ်။
အချိန် မပေးနိုင်လို့ ဆိုင်မှာ သွားမလုပ် နိုင်တာ၊ ငွေကုန် ကြေးကျ များမှာ ကို တွေးကြောက်ဖို့ မလို ပါဘူးနော်။ မိမိရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အသီး အနှံတွေနဲ့ အိမ်တွင်းပစ္စည်း၊ ပျားရည်၊ ကြက်ဥ၊ အုန်းဆီစတာတွေက ပျိုမေတို့ရဲ့ ဆံကေသာ ကျန်းမာရေးကို ကုသ ပေးပါလိမ့်မယ်။
ပထမဆုံး ဆံပင်ကို ပေါင်းတင် နိုင်တဲ့ နည်းကတော့ ကြက်ဥ သုံးလုံးနဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောထည့်ပြီး သမအောင် မွှေလိုက်ပါ။ အဲဒီနောက် ဆံဖျားကနေ အရင်းထိ သေချာ သုတ်လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ နာရီဝက်လောက် ထားပြီးတဲ့နောက် ရှမ်ပူအပျော့ စားလေးနဲ့ ဆေးကြော လိုက်တယ် ဆိုရင်ပဲ ပျော့ပျောင်း တောက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာပါ။
နောက်တစ်နည်း ကတော့ ပျိုမေတို့ လျှော်မယ့် ခေါင်းလျှော် ရည်ထဲမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်ပြီး မွှေပါ။ ဆံပင်နဲ့ ဦးရေပြားကို လိမ်းပြီး နှိပ်နယ် ပြီးတဲ့နောက် ၁ဝ မိနစ်သာ ထားပြီး ရေနှင့် ပြန်လည်ဆေး ကြောလိုက်တဲ့အခါ သန်စွမ်း တောက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာပါ။
သံလွင်ဆီနှင့်ပျားရည်ကို ရောပြီးဆံပင်ကို လိမ်းကျံပြီးတဲ့အခါ ပလတ်စတစ်ခေါင်းစွပ်လေး စွပ်ပြီး ဆံပင်ကို နာရီဝက်ခန့် ပေါင်းပေးမယ် ဆိုရင်လည်း ကောင်း ပါတယ်။
ဆံပင် အစိုဓာတ်ကို ဖြည့်ပေးနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခု ကတော့ ထောပတ်သီး တစ်လုံးနဲ့ ကြက်ဥတစ်လုံးသာ လိုပါတယ်။ အဲဒီနှစ်ခု ကို ရောနှောပြီး သမအောင် မွှေပါ။ ဆံပင်ကို အရင်နည်းတွေ အတိုင်း သုတ်လိမ်းပြီး ၁၅မိနစ်ခန့် ထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ဆေးကြော လိုက်ပါ။
နောက်ဆုံး တစ်ခုကတော့ ဆံပင်အတွက် အရမ်း ကောင်းမွန်ပြီး အားဖြည့်နိုင် တဲ့ ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး နှစ်လုံးနဲ့ ထောပတ်သီး တစ်လုံးကို ကြိတ်စက်နဲ့ ကြိတ်ချေပြီး ပေါင်းတင်ပေးမယ် ဆိုရင်လည်း အဲဒီ အသီးအနှံ နှစ်ခုရဲ့ သဘာဝ အဆီတွေက ပျိုမေတို့ရဲ့ ဦးရေကို အကောင်းဆုံး အစိုဓာတ် ပေးနိုင် ပါလိမ့်မယ်။
ဒီနည်းလမ်းတွေ ကတော့ ငွေကုန် ကြေးကျလည်း မများဘဲ ပျိုမေ တို့ရဲ့အိမ်မှာပဲ လုပ်နိုင်တဲ့ ဆံပင် ပေါင်းတင်နည်း လေးတွေပဲ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: မြဝတီ